အခု ကျွန်တော့်အသက် ၂၀ ပြည့်ပါတော့မယ်။ ဆယ်တန်းမအောင်သေးပါဘူး။ စာပေလောကမှာ ဘယ်သူမှမသိကြပေမယ့် စာတွေရေးနေတဲ့သူတစ်ယောက်ပါ။ ကျွန်တော်က ဂျာနယ်မှာရေးတဲ့သူတစ်ယောက်ပါ။ နာမည်ကြီးဂျာနယ်မဟုတ်ပေမယ့် ကျွန်တော်တို့ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းက ကျောင်းသားတွေစုထောင်တဲ့ ဂျာနယ်တစ်စောင်မှာ ရေးသားနေရလို့ ဂုဏ်ယူမဆုံးပါဘူး။
အခုလို ရေးသားနိုင်အောင် ဘယ်အရာကလမ်းပြခဲ့ပါသလဲ??? စာဖတ်ခြင်းက လမ်းပြခဲ့တာပါ။ စာဖတ်ခြင်းဟာ ပြောတော့သာလွယ်တာပါ။ အဲ့ဒါကို အားမပေးတဲ့ ပတ်ဝန်းကျင်နဲ့တွေ့ရင် လုံးဝပျောက်ကွယ်မှာပါ။ ကျွန်တော်ကတော့ ပတ်ဝန်းကျင်အားကောင်းခဲ့တော့ စာဖတ်ခြင်းကို ကောင်းကောင်းကြီးစားသုံးခဲ့နိုင်ပါတယ်။ အဓိကကတော့ ကျွန်တော့်အဖေပါ။ သူက စာအုပ်တွေဝယ်တယ်။ စာအုပ်တွေဖတ်တယ်။ ပြီးရင် ကျွန်းသေတ္တာကြီးထဲထည့်ပြီးစုထားလေ့ရှိတယ်။
စစချင်း ကျွန်းသေတ္တာကြီးကိုဖွင့်လိုက်တော့ ဟိုးရှေးခေတ်က ရဲမက်တွေ စစ်သည်တွေ ဓားခုတ်လှံထိုးနေကြတဲ့ပုံ ၊ ဆင်ကြီးတွေရော ၊ မြင်းတွေလည်းပါတယ်။
ကျွန်တော်အရမ်းသဘောကျသွားတယ်။ မျက်နှာဖုံးက ကျွန်တော့်ကိုအရမ်းဆွဲဆောင်တယ်။ အဲ့ဒီ့တော့ အဲ့ဒီ့စာအုပ်ကိုယူ ၊ အိမ်ရှေ့က ကုလားထိုင်မှာ ကျကျနနထိုင်ပြီး စာအုပ်နာမည်ကို သေချာဖတ်ကြည့်တယ်။ “ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း”တဲ့။ တခြားကလေးတွေ ရွှေသွေးတို့၊ မိုးသောက်ပန်းတို့ဖတ်နေချိန်မှာ ကျွန်တော်က ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို ဘာမှနားမလည်ဘဲဖတ်နေတာပါ။
သူ့သေတ္တာကြီးထဲမှာ စာကြီးပေကြီးတွေပဲကြီးစိုးပါတယ်။ ကျွန်တော်တို့ငယ်စဉ်က အိမ်ပြင်ထွက်ဆော့ရင်ဆော့ ၊ မဆော့ရင် အိမ်ထဲမှာစာဖတ်။ ဒီ ၂ ခုပဲလုပ်စရာရှိပါတယ်။ အိမ်မှာ TV မရှိဘူး။ ရေဒီယိုကတော့ အဖေဖွက်ထားတယ်။ ရေဒီယိုလက်ထဲတွေ့ရင် နိုင်ငံရေးသမားဆိုပြီး ဂျေးထဲပို့တဲ့ခေတ်ကိုးဗျ။ ကျွန်တော်က ငယ်ငယ်လေးထဲက ဆော့တာဝါသနာမပါသလောက်ပါ။ အခုအရွယ်အထိ ဘောမကန်တတ်ပါဘူး။ ဂျင်ကိုလည်အောင် မပေါက်တတ်ပါဘူး။ အဲ့ဒီတော့ ကျွန်တော်ဘာလုပ်လဲ။ အိမ်ထဲမှာပဲအောင်းပြီး အဖေ့ကျွန်းသေတ္တာကြီးကိုဖွင့် ၊ မျက်နှာဖုံးလှလှလေးတွေပါတဲ့ စာအုပ်တွေကိုဖတ်ပါတယ်။
အဲ့ဒီ့မှာ မဂဒူးတို့ ၊ သူ့နှမ နှင်းဥရိုင်တို့၊ အလိမ္မာမင်းတို့ကစလိုက်တာ ဗညားနွဲ့ ဒဂုံကိုပြေးပြီး ဟံသာဝတီကိုနန်းသိမ်းတာတွေ ၊ မင်းကန်စီရဲ့ဗေဒင် အိပ်မက်နိမိတ်ကောက်ပုံတွေ ၊ အမတ်ဒိန်ရဲ့ပညာဥာဏ်ကြီးပုံတွေ ၊ လဂွန်းအိန်ရဲ့ ရဲစွမ်းသတ္တိတွေ ၊ ရာဇာဓိရာဇ်ရဲ့ မိဖုရားကိုပေးပြီး သူရဲကောင်းကိုချစ်ပုံတွေ ၊ နောက်ဆုံး ရာဇာဓိရာဇ်နတ်ရွာစံတဲ့အထိဟာ ကျွန်တော့်ကို အင်မတန်ဆွဲဆောင်ပါတယ်။ ကျောင်းကပြန်လာတိုင်း အဲ့ဒီ့စာအုပ်ပဲပြေးပြေးကိုင်လို့ အဖေကကျောင်းစာထိခိုက်မယ်ဆိုပြီး အချိန်ဇယားဆွဲပေးခဲ့ပါတယ်။ ရာဇာဓိရာဇ်ကိုအချိန်ဇယားနဲ့ စာဖတ်ခဲ့ရပါတယ်။ အဲ့ဒီ့အချိန်ဇယားဟာ ဒီနေ့ထိကျွန်တော့်ကို စာဖတ်ဖြစ်အောင် ညွှန်ကြားနေဆဲပါ။
အဲ့ဒီ့ကစလိုက်တဲ့ စာဖတ်ဇာတ်လမ်းဟာ အရှေ့ကနေဝန်းထွက်သည့်ပမာတို့လို ၊ သပိတ်မှောက်ကျောင်းသားတို့လို ၊ ငဘတို့လို စာအုပ်တွေနဲ့တွေ့တဲ့အခါ နိုင်ငံရေးမီးတောက်တွေ စတင်တောက်လောင်တော့တာပါပဲ။ အဲ့ဒီ့နောက်ပိုင်းတော့ ကွန်မြူနစ်ပါတီကြေငြာစာတမ်းတို့ ၊ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ရက်များတို့ ၊ ဓနရှင်လောကတို့ ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်တို့လိုစာအုပ်တွေဟာ ကျွန်တော့်ကို တော်လှန်ရေးအမြင်တွေအများကြီးပေးခဲ့ပါတယ်။ အဲ့ဒီ့လိုနဲ့ပဲ ကျွန်တော်ဟာ တော်လှန်ရေးအတွက် ကလောင်ကိုင်တဲ့သူဖြစ်လာပါတော့တယ်။
ဆိုတော့ အားလုံးကိုခြုံငုံပြီးပြောရရင် စာဖတ်ကြပါ။ စာဖတ်ခြင်းကပဲ ဘဝကိုပြောင်းစေတာပါ။ ဘယ်လိုပြောင်းသလဲ??? စာဖတ်လိုက်တာနဲ့ ကိုယ့်ရဲ့အတွေးအခေါ်တွေမှားနေသလား ၊ ကိုယ်လုပ်တာတွေကပဲ မှန်နေသလား ၊ လူ့ကျင့်ဝတ်နဲ့ကိုက်ညီအောင်နေသလား ၊ လူတွေနဲ့ပေါင်းသင်းတာ ဘယ်နားလိုနေသလဲ ၊ စကားပြောတာရိုင်းနေသလား ၊ ငါတို့တိုင်းပြည်ဘာဖြစ်နေလဲ ၊ ဒီမိုကရေစီက ဘာလဲ ၊ လူ့အခွင့်အရေးဆိုတာ ဘယ်လိုဟာကြီးလဲ ၊ စသည်ဖြင့် စသည်ဖြင့် ကျွန်တော်တို့ ဆန်းစစ်ဝေဖန်နိုင်ပါလိမ့်မယ်။ အဲ့ဒီ့လိုဆန်းစစ်နိုင်မှ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ ဘဝကို အလွယ်တကူ ကူးပြောင်းနိုင်မှာပါ။
ဘာမှမဖတ်ရင် ဘာမှမသိပါဘူး။ ဘာမှမသိရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အဲ့ဒီလို ဘာမှဖြစ်မလာတဲ့ နိုင်ငံသားတွေစုနေတဲ့ နိုင်ငံတော်ဟာလည်း ဘာမှဖြစ်လာတော့မှာမဟုတ်ပါဘူး။ အဲ့ဒီ့တော့ စာဖတ်ကြပါ။ အထူးသဖြင့် ကျွန်တော်တို့လို လူငယ်တွေစာဖတ်ကြပါ။ ကိုယ့်တိုင်းပြည် ဘာဖြစ်နေသလဲ။ ဘယ်လိုလုပ်ရင် တိုးတက်မလဲ။ ဘယ်သူတွေ ဘာတွေလုပ်နေကြလဲ။ တိုင်းပြည်ဆင်းရဲသွားတာ ဘာကြောင့်လဲ။ အဲ့ဒီ့လိုမျိုးမေးခွန်းတွေကို စာဖတ်ရင်းအဖြေရှာပြီး ပိုမိုကောင်းမွန်တိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် ပြုပြင်လုပ်ဆောင်နိုင်ကြပါစေ။ စာဖတ်ခြင်းဖြင့် ကျွန်တော်တို့တိုင်းပြည်ကို ကယ်တင်နိုင်ကြပါစေ။ အဲ့ဒီ့တော့ စာဖတ်ကြပါ…..။
သတိုးညို
